Terminal M’s Speed Dating

Terminal M's Speed Dating

Speed Dating အစီအစဥ်လေးဟာဆိုရင် လက်တွဲဖော်ရှာဖွေနေတဲ့ တစ်ကိုယ်တည်း FA သမားများအတွက် Valentine Day မှာ စိတ်တူကိုယ်တူရှိနိုင်မယ့်သူကို ရှာဖွေလို့ရနိုင်မယ့် အစီအစဉ်တစ်ခုဖြစ်ပါတယ်။ Speed Dating ဟာ အနောက်နိုင်ငံက လူငယ် တွေကြား ကျွမ်း၀င်မှုရှိပြီးသားဖြစ်ပေမယ့် မြန်မာနိုင်ငံကဈေးဝယ်စင်တာတွေထဲမှာတော့ Terminal M ကပဲ ပထမဦးဆုံးကမကထ ပြုလုပ်ကျင်းပပေးတာဖြစ်ပါတယ်။

Speed Dating ဆိုတာဘာလဲ?
Terminal M ကခုပြုလုပ်မယ့် Speed Dating အစီအစဉ်အကြောင်းမပြောခင် Speed Dating ဆိုတာ ဘာလဲဆိုတာကိုအကြမ်းဖျင်းရှင်းပြချင်ပါတယ်။ Speed Dating ဆိုတဲ့အတိုင်း ပေးထားတဲ့အချိန်တိုမိနစ်ပိုင်းအတွင်းမှာ မျက်နှာချင်းဆိုင် ထိုင်စကားပြောကြည့်ရင်း ကိုယ်နဲ့ ကိုက်ညီမှုရှိ မရှိကို နှလုံးသားကပေးတဲ့ မက်ဆေ့ချ်ပေါ်မူတည်ပြီး ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ တကယ်လို့ ရင်ခုန်သံတွေမတူညီနေဘူး ဆိုရင်တော့ အချိန်ပြည့်လို့ ခေါင်းလောင်းတီးတဲ့အချိန် နောက်ထပ် တယောက်ကိုရှာ ပြီး ထပ်စကားပြောကြည့်နိုင်ပါတယ်။ အဲဒီနည်းနဲ့ စိတ်ချင်းနီး ရင်ဘတ်ချင်းနီးသူကို မထင်မှတ်ဘဲရှာဖွေတွေ့ရှိပြီး ဘ၀လက်တွဲဖော်အဆင့်ထိ ရောက်သွားကြသူတွေလည်း မနည်းပါဘူး။

Speed Dating ကို ဘယ်နေ့ ဘယ်နေရာမှာပြုလုပ်သွားမှာလဲ?

Terminal M ရဲ့ Speed Dating အစီအစဥ်လေးကို ဖေဖော်ဝါရီလ ၁၄ ရက် (ချစ်သူများနေ့)မှာ Promotion Area တွင် နေ့လည် ၁နာရီမှ ည ၅နာရီထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ အစီအစဉ်ကို ၃ ပိုင်းခွဲထားမှာဖြစ်ပြီး အစီအစဉ်တစ်ခုပြီးတိုင်း မိနစ် ၃၀ နားသွားမှာဖြစ်ပါတယ်။ တစ်ယောက်နှင့်တယောက် အချိန် ၅ မိနစ် ကြာစကားပြောခွင့်ရမှာဖြစ်ပြီး အချိန်ပြည့်တဲ့အခါ နောက်ထပ် ရွေးချယ်ချင်သေးတယ်ဆိုရင်တော့ နှစ်ဖက်စလုံးအနေနဲ့ နေရာပြောင်းလဲပြီး အခြားသူများနဲ့ သွားရောက်ပြောဆိုနိုင်ပါတယ်။ တကယ် မြင်မြင်ချင်းပဲ ချစ်မိတယ် ဆိုပြီး ဖြစ်သွားတဲ့သူများအတွက်တော့ အချိန် ၅ မိနစ်ပြည့်ရင် အတွဲမပြောင်းဘဲ မိနစ် ၂၀ အထိ စကားစမြည်ပြောခွင့်ရှိနိုင်မှာ ဖြစ်ပါတယ်။

Speed Dating ကို ဘယ်လိုပြုလုပ်ပေးသွားမှာလဲ?
Speed Dating တွင် ပါဝင်သူတိုင်း ကိုယ်စားပြုနံပါတ်တစ်ခုပါရှိမယ့် အသည်းတစ်ခြမ်းပေးထားမှာဖြစ်ပြီး မိမိနှင့်လက်တွဲဖော်ဖြစ်နိုင်သည့် အလားအလာရှိသူနှင့်ဆုံတွေ့ပါက ထိုအသည်းအား အချင်းချင်းလဲလှယ်ကာ စုံတွဲဖြစ်ကြောင်း သတ်မှတ်နိုင်မှာဖြစ်ပါတယ်။ ကိုယ်ရေးကိုယ်တာနဲ့ သက်ဆိုင်တဲ့ အရာများကို Terminal M ဘက်မှ ထိန်းသိမ်း ထားပေးမည်ဖြစ်ပြီး မိမိ ကိုယ်ရေးအချက်အလက်အား မိမိနှစ်သက်သူအားမျှဝေပေးလိုပါက အင်ဖိုကောင်တာရှိ သက်ဆိုင်ရာတာဝန်ရှိသူများအားလာရောက်ပြောနိုင်မည်ဖြစ်ပါတယ်။ အလားတူ မမျှဝေလိုပါကလည်းလာရောက်ပြောထားနိုင်မှာဖြစ်ပြီး ကာယကံရှင်ခွင့်ပြုမထားသည့် ကိုယ်ရေးအချက်များကို Terminal M အနေဖြင့် မည်သူကိုမျှ ပေးမည်မဟုတ်ပါ။

စိတ်၀င်စားသူများအနေနဲ့ ကြိုတင်ပါဝင်စာရင်းပေးကာ Speed Dating အစီအစဉ်တွင် ပါဝင်နိုင်မည်ဖြစ်ပြီး Terminal M ဘက်မှ ပြန်လည်စိစစ်ကာဆက်သွယ်ပေးသွားမည်ဖြစ်သည်။ ဆက်သွယ်ချိန်တွင် အစီအစဥ်အသေးစိတ်ကို ထပ်မံရှင်းပြပေးမှာဖြစ်ပါတယ်။

Speed Dating တွင် ပါဝင်သူများအနေဖြင့် လိုက်နာရမည့်စည်းကမ်းချက်များ

  • ပါဝင်လိုသူများအနေဖြင့် ဖေဖော်ဝါရီလ ၂၀၂၃ မတိုင်မီအသက် ၂၀ ပြည့်ရမည်ဖြစ်ပြီး အသက်၃၅ ထက်မကျော်လွန်သောသူများသာ ပါဝင်ခွင့်ရမည်ဖြစ်သည်။
  • မိမိနှင့် သက်ဆိုင်သည့် ကိုယ်ရေးအချက်အလက်များကို မှန်ကန်စွာဖြည့်စွက်ရမည်ဖြစ်ပြီး၊ လူမှုရေးအရှုပ်အရှင်းကင်းရှင်းသူဖြစ်ရမည်။
  • Speed Dating ပြုလုပ်နေစဉ်တွင်‌ ဖြေရခက်စေသည့်မေးခွန်းများ၊ စိတ်အနှောက်ယှက်ဖြစ်စေမည့် မေးခွန်းများ မေးခွင့် လုံးဝမပြုလုပ်ရပါ။
  • တဖက်နှင့်တဖက် ကိုယ်အမူအရာ စိတ်အမူအရာအားဖြင့် စိတ်အနှောက်အယှက် ဖြစ်အောင် ပြောဆို ပြုမူခြင်းများလုံး၀ခွင့်မပြုပါ။ အထူးသဖြင့် အမျိုးသမီးများကို ကာယအိန္ဒြေပျက်ပြားစေမည့် အပြုအမူ အပြောအဆိုများ ပြုလုပ်ပါက သက်ဆိုင်ရာ တာ၀န်ရှိသူများအနေဖြင့် ထိုသူအားပွဲအတွင်းမှချက်ခြင်း ဖယ်ရှားထုတ်ပယ်မည်ဖြစ်သည်။
  • Speed Dating အတွင်း ခိုက်ရန်ဖြစ်ပွားမှု ဖြစ်စေရန်အစပြုလုပ်သူများအား ပွဲတွင်းမှချက်ချင်းဖယ်ရှားပစ်မည်ဖြစ်သည်။
  • မိမိသဘောအလျောက်ပါဝင်ခြင်းဖြစ်သည့်အတွက် ပွဲစဉ်တွင်း မတော်တဆထိခိုက်ဒဏ်ရာရမှုများရှိပါက Terminal M မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။
  • မိမိသဘောအလျောက်ပါ၀င်ခြင်းဖြစ်သည့်အတွက် ပွဲအစီအစဥ်ပြင်ပတွင် ဖြစ်ပေါ်လာမည့် မည်သည့်ကိစ္စရပ်များကိုမဆို Terminal M က တာ၀န်ယူမည်မဟုတ်ပါ။
  • (ယခုအခါတွင် တချို့သောအမျိုးသမီးငယ်များအား ပစ်မှတ်ထားကာ ဖုန်း၊ ငွေကြေး နှင့်အခြားသောအဖိုးတန်ပစ္စည်းများအား လိမ်လည်လှည့်ဖျားယူငင်ခြင်းများဖြစ်ပွား လျက်ရှိရာ Terminal M အနေဖြင့် အထူးသတိပေးလိုသည်မှာ ယခုအစီအစဥ်တွင် ပါ၀င်လိုသူများအနေဖြင့် ပွဲအတွင်းဖြစ်စေ၊ ပွဲအပြီးဖြစ်စေ မည်သည့် တစိမ်းတစ်ရံကို မျှ လုံး၀ဥဿုံ ယုံကြည်စိတ်ချခြင်းမလုပ်ဘဲ မိမိပိုင်ဆိုင်သည့်ပစ္စည်းများအား ကိုယ်နှင့်မကွာထားရှိပါရန်နှင့် ဖြစ်နိုင်လျှင် မည်သည့်အဖိုးတန်ပစ္စည်းများမ၀တ်လာကြရန် သတိပေးပြောကြားလိုပါသည်။)
  • Speed Dating ပါဝင်ရန်အတွက် မည်သည့် ဝယ်ယူမှုကိုမှ ပြုလုပ်ရန်မလိုအပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *